(၁၄၆) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် ပိုစတာနှင့်ပတ်သက်သည့် အချက်အလက်များ သိကောင်းစရာ

ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားအတွက်  ပိုစတာကိုထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့အနှံ့အပြားတွင် ကျရောက်နေသည့် Covid – 19 ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ ယခု အချိန်အထိ ကမ္ဘာ့စာပို့တိုက်အဖွဲ့ဝင်နိုင်ငံများမှ စာပို့ဝန်ဆောင်မှုလုပ်ကိုင်နေသူများအပါအဝင် စာပို့ဝန်ထမ်းများသည် ချောစာ၊ ချောထုပ်များကို ပုံမှန်ပေးဝေနိုင်ရေး  ကြိုးပမ်းဆောင်ရွက် နေသည့်အပြင် အခြားသောလူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးလျက် ရှိပါသည်။

ယူပီယူအဖွဲ့ဝင်နိုင်ငံများရှိ စာပို့ဝန်ဆောင်မှုလုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ သည် သက်ဆိုင်ရာနိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ Covid – 19 ရောဂါ ကူးစက်မှု မဖြစ်စေရန်အတွက် ကန့်သတ်ထားသည့်နေရာများ၊ Lockdowns သတ်မှတ်ထားသည့်နေရာ များရှိ ပြည်သူများဆီသို့ စားနပ်ရိက္ခာများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ဖြန့်ဝေပေးခြင်း၊ ပင်စင် လစာများထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးသူများကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် ထောက်ပံ့သည့်ငွေများ ထုတ်ပေးခြင်းစသည့် Social and Financial   Service များကို အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးလျက် ရှိပါသည်။

ထို့ကြောင့် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (UPU) မှ Covid – 19 ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ  ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ စာပို့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း (Volunteer ) များနှင့် ပရဟိတအဖွဲ့အစည်းများကို ဂုဏ်ပြုသည့်အနေဖြင့် '' More than mail '' ခေါင်းစဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့စာပို့တိုက်နေ့ပိုစတာကို ဖန်တီးထားခြင်းဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပေါ်နေသည့် Covid – 19 ရောဂါအမြန်ဆုံးတိုက်ဖျက်နိုင်ပြီး ကမ္ဘာပြည်သူ ပြည်သားအပေါင်း ပျော်ရွှင်ချမ်းမြေ့မှုများစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Posted by ptd

Posted on September 25, 2020


Weather
NAYPYITAW WEATHER