ရန်ကုန်မြို့တွင်း တရားမဝင်မိုဘိုင်းဆက်သွယ်ရေး Repeater များ ရောင်းချနေခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၁။      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် မိုဘိုင်းဆက်သွယ်ရေး Repeater များကို  ရောင်းချခြင်းနှင့် အသုံးပြုခြင်းများ မပြုလုပ်ရန် အတွက် နိုင်ငံပိုင်သတင်းစာများမှတဆင့် အသိပေးကြေညာစာများ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) တွင် မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထား သောဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်း အတွက် ပြစ်မှုပြစ်ဒဏ်တို့ကို ဖော်ပြထားပါသည်။ ထို့အပြင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀ (က) တွင် “ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်” သတ်မှတ်ထားပါသည်။

၂။         ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာနယ်မြေရဲစခန်း၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စျေးတာဝန်ခံများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂၉-၁-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ ယုဇနပလာဇာ၊ ရွှေပြည့်စုံစျေးနှင့်တော်ဝင်ပလာဇာရှိ မိုဘိုင်းဖုန်းပစ္စည်းနှင့် အီလက်ထရောနစ် ဆိုင်များသို့လည်းကောင်း၊ (၃-၂-၂၀၂၀) ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရှိ ဆိပ်ကမ်းသာလမ်း၊ ၃၈ လမ်း၊ ၃၆ လမ်း၊ ၃၅ လမ်းနှင့် ဘားလမ်းရှိ မိုဘိုင်းဖုန်းပစ္စည်းနှင့် အီလက်ထရောနစ်ဆိုင်များသို့ လည်းကောင်း မြေပြင်ကွင်းဆင်း၍ Repeater များ ရောင်းချလျက် ရှိ/မရှိ အား စစ်ဆေးမေးမြန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၃။      မြေပြင်ကွင်းဆင်းစစ်ဆေးမေးမြန်းချက်များအရ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများကိုသာ ရောင်းချလျက်ရှိကြောင်းနှင့် ယခုအချိန်တွင် Repeater များသည် လိုင်စင်မရှိဘဲ တရားဝင် ရောင်းချ၍ မရကြောင်း သိရှိရပြီး ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ထို့အပြင် ဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ မြို့နယ်အသီးသီးတွင် တရားဝင် ခွင့်ပြုချက်မရှိသော ဆက်သွယ်ရေးပစ္စည်းများရောင်းချခြင်းအား စစ်ဆေး၍တွေ့ရှိပါက လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Posted by ptd

Posted on February 10, 2020


Weather
NAYPYITAW WEATHER