ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်ပိုစတာနှင့်ပတ်သက်သည့် အချက်အလက်များ

ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနား အကြိမ် (၅၀) ပြည့် ရွှေရတုကိုယ်စားပြု ပိုစတာကို ထုတ်ပြန်ခဲ့ပါသည်။ ရွှေရတုနှစ်ကိုယ်စားပြုပိုစတာသည် အောက်ပါတို့ကို သရုပ်ဖော်ထားခြင်း ဖြစ်ပါသည် -

(၁)     ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၂) နိုင်ငံမှ စာပို့တိုက်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ပညာရေးဌာနများနှင့် သက်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများမှ နှစ်(၅၀)တိုင်အောင် ပူးပေါင်းဆောင်ရွက်နေသည့်သဘောကို ကိုယ်စား ပြုထားသည့် လက်များချိတ်ဆက်ပုံဖော်၍ နှစ် (၅၀) ပြည့်ရွှေရတုကို အင်္ဂလိပ်အက္ခရာ (50) ဖြင့် ပုံဖော်ထားခြင်း၊

(၂)      ကမ္ဘာ့စာပို့တိုက်သမဂ္ဂ(ယူပီယူ)တည်ထောင်ခဲ့သည့် (၁၄၅)နှစ်မြောက် အထိမ်းအမှတ်ကို ကိုယ်စားပြုသည့်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် 145 years ဖြင့် ပုံဖော်ထားခြင်း နှင့် အဖွဲ့ဝင်နိုင်ငံများရှိ စာပို့တိုက်ကဏ္ဍ သက်ဆိုင်သူများမှ စာပို့တိုက်ဆိုင်ရာ တိုးတက်လာမှုများကို ဂုဏ်ပြုသည့်အနေဖြင့် ကိုယ်စားပြုသည့် (Delivering Development) စာသားကို အင်္ဂလိပ်ဘာသာဖြင့် ထည့်သွင်း ပုံဖော်ထားခြင်း၊

(၃)     ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသည့် The 2030 Agenda for Sustainable Development ကို စာပို့တိုက်ကဏ္ဍမှ သက်ဆိုင်ရာအစီအစဉ်များတွင် အောင်မြင်အောင်ဆောင်ရွက်နေသည့် အချက်များကို သိရှိစေရန်အတွက် ပိုစတာ၏ အောက်ခြေတွင် အရောင်များဖြင့် ပုံဖော်ထားခြင်း။

၁၈၇၄ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့၌ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကိုယ်စားလှယ်များက Treaty of Bern (Treaty concerning the formation of a General Postal Union) ကို လက်မှတ်ရေးထိုးခဲ့ပြီး General Postal Union အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

၁၈၇၈ ခုနှစ်တွင် တိုးတက်လာသည့်အဖွဲ့ဝင်နိုင်ငံများရှိလာသည့်အတွက် General Postal Union မှ Universal Postal Union သို့ ပြောင်းလဲခဲ့ပါသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၁၈၇၄ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့ World Post Day အဖြစ်သတ်မှတ်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ တည်ထောင်သည့်နှစ် (၁၄၅)နှစ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယသက်တမ်း အရှည်ဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ International Telecommunication Union (ITU) သည် ၁၈၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။

 

ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို ၁၉၆၉ ခုနှစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် (၁၆) ကြိမ်မြောက်၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂအာဏာပြည့်ညီလာခံ (Tokyo UPU Congress) ၏ အဆုံးအဖြတ်ဖြင့် ကျင်းပခဲ့ရာ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် နှစ်(၅၀)ပြည့် ရွှေရတုနှစ်သို့ ရောက်ရှိ ခဲ့ပါသည်။

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ)တွင် လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း( ၁၉၂ )နိုင်ငံရှိပြီး မြန်မာနိုင်ငံအနေဖြင့် ယူပီယူသို့  (၄ -၁၀-၁၉၄၉ ) နေ့တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပါသည်။

ယူပီယူမှ အဖွဲ့ဝင်နိုင်ငံများသို့ စာပို့တိုက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာအကူ အညီများ၊ စာပို့တိုက်ဆိုင်ရာသင်တန်းများနှင့် ဆွေးနွေးပွဲများ ဖိတ်ခေါ်အကူအညီပေးလျက်ရှိပါ သည်။ မြန်မာနိုင်ငံအနေဖြင့် ယူပီယူနှင့်ပူးပေါင်း၍ စာပို့တိုက်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိသည့်အပြင် ပညာရေးကဏ္ဍတိုးတက်မှု တစ်စိတ်တစ်ဒေသအဖြစ် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို ယူပီယူမှချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

Posted by ptd

Posted on October 7, 2019


Weather
NAYPYITAW WEATHER