ASEAN Makerthon 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်ကျောင်းသား အဖွဲ့(၂) ဖွဲ့က ဆု အသီးသီးရရှိ

၁။      ASEAN Makerthon ပြိုင်ပွဲသည် ASEAN ICT Masterplan 2020 (AIM 2020)၏ စီမံကိန်းများအနက် TELSOM စီမံကိန်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၏ မျိုးဆက်သစ်တီထွင်ဖန်တီးမှုကောင်းများ ထွက်ပေါ်လာရေးအတွက် တွန်းအားပေးသည့် အစီအစဉ်အဖြစ် ASEAN Makerthon ပြိုင်ပွဲများကို ၂၀၁၇ ခုနှစ်မှ စတင်ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။  TELSOM စီမံကိန်းများ၏ ၂၀၁၉ ခုနှစ်အတွက် လုပ်ငန်းအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ASEAN Makerthon 2019 ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Universiti Teknologi Malaysia (UTM) တွင် ကျင်းပခဲ့ပါသည်။

၂။       ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင်များအပြင် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီးယူ နှင့် အမေရိကန်နိုင်ငံတို့မှ ပြိုင်ပွဲဝင်များလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ASEAN Makerthon 2019 ပြိုင်ပွဲအား “Impact of 5G Revolution towards 4IR” ခေါင်းစဉ်ဖြင့် ကျင်းပပြီး၊  အဆိုပါပြိုင်ပွဲအား Scope (၈)ခု (Agriculture, Automotive, Healthcare, Manufacturing, Media and Entertainment, Education, Public Safety, Smart Cities) တို့ဖြင့် ကျင်းပခဲ့ပါသည်။

၃။      ပြိုင်ပွဲဝင်အရည်အချင်းနှင့် သတ်မှတ်ချက်များအနေဖြင့် ပြိုင်ပွဲဝင်များသည် အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ အင်္ဂလိပ်စကားပြောကျွမ်းကျင်သူ၊ start-up၊ maker / hakathons ၊ mobile application programming များနှင့်ပတ်သက်၍ အတွေ့အကြုံရှိသူ၊ 4IR/ 5G/ IoT တို့နှင့်ပတ်သက်၍ ကောင်းစွာအသုံးချတတ်သူများ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

၄။      မြန်မာနိုင်ငံမှ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြိုင်ပွဲဆိုင်ရာ အချက်အလက် များအား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သို့ ပေးပို့ခဲ့ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များသို့ ပြိုင်ပွဲဝင် Project များ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပါသည်။ တက္ကသိုလ်များက တင်ပြလာသော ပြိုင်ပွဲဝင် Project အဖွဲ့ (၅) ဖွဲ့အနက်မှ အဖွဲ့(၂)ဖွဲ့အား ASEAN Makerthon 2019 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ပါသည်။

၅။      မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာကွန်ပျူတာအသင်းချုပ်မှ အလုပ်မှုဆောင်ဥက္ကဋ္ဌ ဦးရာဝီမှ ကြီးကြပ်သူအဖြစ်လိုက်ပါ၍ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ Team UCSY နှင့် သတင်းအချက် အလက်နည်းပညာတက္ကသိုလ်၏ Team UIT တို့မှ ပြိုင်ပွဲဝင် စုစုပေါင်း (၅)ဦး ပါဝင်သော အဖွဲ့တို့က သွားရောက်ခဲ့ကြပါသည်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ မောင်ဝင်းထွန်း၊ မောင်မန်စစ်အိန် နှင့် မောင်ဇင်ထက်အောင် တို့ပါဝင်သည့် ပြိုင်ပွဲဝင်အသင်း Team UCSY က product name : Smart House ဖြင့် ယှဉ်ပြိုင်ခဲ့ရာ  Most Innovative Awards ဆုအား ဆွတ်ခူးရရှိခဲ့ပြီး၊ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်မှ မမေပြည့်စုံကျော်နှင့် မောင်ကျော်ဇင်ခန့်တို့ ပါဝင်သည့် ပြိုင်ပွဲဝင် အသင်း Team UIT မှ product name: Smart Aeroponics Vertival Farm ဖြင့် ယှဉ်ပြိုင်ခဲ့ရာ Best Prototype Awards ဆုများ အသီးသီး လက်ခံရရှိခဲ့ပါသည်။

၆။      ယင်းသို့ မြန်မာနိုင်ငံကိုယ်စားပြုအသင်း Team UCSY နှင့် Team UIT တို့မှ ဆုအသီးသီး ရရှိခဲ့ခြင်းကို လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

Posted by ptd

Posted on January 8, 2020


Weather
NAYPYITAW WEATHER