ASEAN Digital Awards 2026 (ADA 2026) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း
၁။ အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှုများကို မြှင့်တင်နိုင်ရေးအတွက် ASEAN Digital Masterplan 2025 များကို ဖော်ဆောင်သောအားဖြင့် ASEAN Digital Minister’s Meeting (ADGMIN) နှင့် ASEAN Digital Senior Officials Meeting (ADGSOM) ၏ လုပ်ငန်းစီမံချက်အောက်တွင် ASEAN Digital Awards ပြိုင်ပွဲများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါသည်။
၂။ ASEAN Digital Awards ပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွန့်ဦးတီထွင်သူများ၊ အဖွဲ့ အစည်းများအကြား ဆန်းသစ်တီထွင်ဖန်တီးမှုများတွင် အောင်မြင်မှုများကို အသိအမှတ်ပြုကာ စီးပွားရေးနှင့်ကုန်သွယ်ရေးအခွင့်အလမ်းများရရှိနိုင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ASEAN Digital Products များကို ဒေသတွင်းသာမက နိုင်ငံတကာအသိအမှတ်ပြုလာနိုင်စေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
၃။ ၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ASEAN Digital Awards 2026 (ADA 2026) ပြိုင်ပွဲကို 6th ADGMIN အစည်းအဝေးအလှည့်ကျသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံမှ Organize ပြုလုပ်၍ ကျင်းပမည်ဖြစ်ပါသည်။
၄။ ပြိုင်ပွဲတွင် အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစား ခေါင်းစဉ် (Award Category) (၆) ခု ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်-
(၁) The Public Sector Category
(၂) The Private Sector Category
(၃) Digital Inclusivity Category
(၄) Digital Content Category
(၅) Digital Start-up Category နှင့်
(၆) Digital Innovation Category
၅။ အဆိုပါ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် “6th ASEAN Digital Ministers’ Meeting (6th ADGMIN) အစည်းအဝေးတွင် ASEAN Digital Awards ဆုတံဆိပ်နှင့် ဆုလက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်များအားလုံးသို့လည်း အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
၆။ ပြိုင်ပွဲကို အဆင့် (၄) ဆင့်ဖြင့် ပြုလုပ်ထားပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများက မိမိဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင် product ၏ အသေးစိတ်အချက်အလက်များနှင့် Video file ကို သက်ဆိုင်ရာ Country Coordinator မှတစ်ဆင့် အွန်လိုင်းမှ ပေးပို့လျှောက်ထားရပါမည်။ ဒုတိယအဆင့်တွင် ပြိုင်ပွဲဝင်များ၏ product အသေးစိတ်အချက်အလက်များနှင့် Video file များကို အာဆီယံနိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ အွန်လိုင်းစနစ်ဖြင့် ပဏာမအကဲဖြတ်ခြင်းပြုလုပ်မည်ဖြစ်ပြီး၊ တတိယအဆင့်တွင် ယှဉ်ပြိုင်သည့်အဖွဲ့များထဲက Finalist (၁၈) ဖွဲ့အား ရွေးချယ်၍ စာရင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။ စတုတ္ထအဆင့်တွင် Finalist (၁၈) ဖွဲ့ကို ဗီယက်နမ်နိုင်ငံသို့ ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များ၏ Presentation တင်ပြချက်များအား အာဆီယံနိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ Onsite ဖြင့် အပြီးသတ်အကဲဖြတ်ခြင်း ပြုလုပ်မည်ဖြစ်ပါသည်။ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို 6th ASEAN Digital Ministers’ Meeting (6th ADGMIN) အစည်းအဝေး၏ Gala Dinner တွင် ဆုပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။
၇။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ပုံစံ (Entry Form) ကို မြန်မာနိုင်ငံ၏ Coordinator ဖြစ်သူ ဒေါ်ခင်အေးဝင်း၊ kaw@mcf.org.mm ဖုန်း- ၀၉၅၁၀၀၀၈၀ သို့ ဆက်သွယ်၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့မတိုင်မီ ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။ ထပ်မံသိရှိလိုသည့်အချက်များရှိပါက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဖုန်း - ၀၆၇ ၄၀၇၇၈၄ နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဖုန်း - ၀၁ ၆၅၂၃၀၇ ထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၈။ ဗီယက်နမ်နိုင်ငံမှ တာဝန်ယူကျင်းပပြုလုပ်မည့် ASEAN Digital Awards 2026 (ADA 2026) ပြိုင်ပွဲသို့ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသည့် ပြိုင်ပွဲဝင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အသိပေးဖိတ်ခေါ်အပ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
September 25, 2025