၁၄၅ နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ် ၊ အောက်တိုဘာ ( ၉ ) ရက်နေ့တွင် ကျရောက်သော (၁၄၅) နှစ်မြောက် ကမ္ဘာ့ စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနား နှင့် ( ၄၈ ) ကြိမ်မြောက် အသက်( ၁၅ )နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) တွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ သူများနှင့် မြန်မာ့စာတိုက်လုပ်ငန်းမှ သမားရိုးကျဝန်ဆောင်မှုမဟုတ်ဘဲ အထူးဝန်ဆောင်မှုအနေဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးသန့်စင်မောင်မှ အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနား နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ စာပို့တိုက်သမဂ္ဂဌာနချုပ် ( UPU ) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာကို ဖတ်ကြားပါသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုး နှင့် ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်(ဆက်သွယ်ရေး) ဦးစိုးသိန်း တို့က (၄၈) ကြိမ်မြောက် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေး ပြိုင်ပွဲ ( ပြည်တွင်းအဆင့် )တွင် ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ပြီး မြန်မာ့စာတိုက်လုပ်ငန်းမှ သမားရိုးကျဝန်ဆောင်မှုမဟုတ်ဘဲ အထူးဝန်ဆောင်မှု အနေဖြင့်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအပေါ် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။

(၄၈) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ ကိုယ်စား ပထမဆုရှင် မရွှန်းလဲ့ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်၊၊

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ ကျောင်း သူများ၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ဆုရရှိသည့်တာဝန်ခံများ နှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီး (၁၄၅) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများ နှင့် ပြကွက်များကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Posted by ptd

Posted on October 10, 2019


Weather
NAYPYITAW WEATHER