(၅၂) ကြိမ်မြောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ အမည်စာရင်းကြေညာခြင်း

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင်သည့် ၁၈၇၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့မှစ၍ နှစ်စဉ်အောက်တိုဘာလ (၉) ရက်နေ့ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ် သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ် ပါဝင်ကျင်းပလျှက်ရှိပါသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ နှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှ စတင်၍ အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တဝှမ်း နှစ်စဉ် ကျင်းပလေ့ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၅၂) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

          ၂၀၂၃ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက်(၁၅)နှစ်နှင့် အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ

ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၄-၂-၂၀၂၃) ရက်နေ့ တွင် မြန်မာနိုင်ငံတဝှမ်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်မှာ "Imagine you are a super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission." ဖြစ်ပြီး အခြေခံပညာအဆင့်တွင် ဖြေဆိုသူ ကျောင်းသား / သူ စုစုပေါင်း (၅၁၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

            ဆက်လက်၍ ရရှိလာသည့် ပြိုင်ပွဲဝင်စာမူ (၅၁၁) စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ်အဖွဲ့ဖြင့် စိစစ် အကဲဖြတ်ခဲ့ပြီး ပြည်တွင်းအဆင့် ပထမဆုကို ကရင်ပြည်နယ်၊ အ-ထ-က (၂) ဘားအံမြို့နယ် ၊ Grade-8 မှ မနန်းအံ့မွန်အိမ် ကလည်းကောင်း ၊ ဒုတိယဆုကို မွန်ပြည်နယ် ၊ အ-ထ-က (၁) မုဒုံမြို့နယ် ၊ Grade-7 မှ မောင်ဝေဘုန်းလူ ကလည်းကောင်း ၊ တတိယဆုကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အ-ထ-က (၁) ညောင်ရွှေမြို့နယ် ၊ Grade-4 မှ မောင်သန်းထိုက် ကလည်းကောင်း၊ အထူးဆုကို ရန်ကုန်တိုင်းဒေသကြီး ၊ အ-ထ-က (၁) ဒဂုံမြို့နယ် ၊ Grade-7 မှ မမေမြင့်မိုရ်ကြည် တို့က လည်းကောင်း ရရှိခဲ့ပါကြောင်း သိရှိခဲ့ပါသည်။ အဆိုပါ အကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက် အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူမှ ကျင်းပသည့် နိုင်ငံတကာလူငယ်များ ပေးစာရေး ပြိုင်ပွဲသို့  ပေးပို့ယှဉ်ပြိုင်ထားပြီးဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာပါသည်။

Posted by ptd

Posted on September 4, 2023


Weather
NAYPYITAW WEATHER