အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ဖြင့် Telecommunication Infrastructure Services, Rural Project (၁/၂၀၂၄) USFလုပ်ငန်း ဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေအခန်း(၁၅)၊ ပုဒ်မ(၅၆) အရ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသည့်နယ်မြေဒေသများတွင် အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေဖြင့် နေပြည်တော်တိုင်းဒေသကြီးရှိ လယ်ဝေးမြို့နယ် ၊ လယ်မကျေးရွာ နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစုမြို့နယ်အတွင်း ဒုံးညောင်မှိုင်းကျေးရွာ၊ ဒုံးကမာချောင်းကျေးရွာ နှင့် ဒုံးဒဟွန်းကျေးရွာတို့အတွက် ၅ နှစ်တာ လုပ်ငန်းလည်ပတ်မှု Infrastructure Project ဆောင်ရွက်ခြင်းလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာ (၄)ဦး ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၊ Ooredoo Myanmar Limited ၊ ATOM Myanmar Limited နှင့် Telecom International Myanmar Limited ( Mytel )တို့အား ပြည်ထောင်စုဝန်ကြီးရုံး၏ ခွင့်ပြုချက်ဖြင့် ၁၁.၁၂.၂၀၂၄ ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ပြီးဖြစ်ပါသည်။
၂။ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ၎င်းတို့၏ တင်ဒါအဆိုပြုလွှာများကို ၃၁-၁-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး၊ တင်ဒါအဆိုပြုလွှာနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ဆွေးနွေးနိုင်ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာများနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် တင်ဒါအတွက် ပဏာမရှင်းလင်းခြင်း (Pre-Bid Meeting) အား ၁၈-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
၃။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ USF ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တင်ဒါပါအချက်များအတိုင်း ကိုက်ညီပြည့်စုံစွာ တင်ပြလာသူများအနက်မှ ဈေးနှုန်းအနည်းဆုံး အဆိုပြုတင်ပြလာသူအား တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ရွေးချယ်ခြင်းများပြုလုပ်ပြီး တင်ဒါအောင်မြင်သူအဖြစ် ကြေညာသွားမည်ဖြစ်ပါသည်။
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
January 11, 2025