၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ

      ၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၉) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

    အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်နှင့် ဦးအောင်မြိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ မိဘများတက်ရောက်ကြသည်။

    အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလူမွန်က ကမ္ဘာ့စာပို့တိုက်သမဂ္ဂက ယခုနှစ်အတွက် ဆောင်ပုဒ်ကို “ မြေကမ္ဘာအနှံ့ စာပို့ဝန် ထမ်းရွက် နှစ် ၁၅၀ တိုင် မပျက်ကွက်” (150 years of enabling communication and empowering peoples across nations) ကို ရွေးချယ်သတ်မှတ်ပြီး အများပြည်သူများအတွက် စာပို့ဝန်ဆောင်မှုများကို နောင်လာမည့် နှစ်ပေါင်းများစွာအထိ ပေးအပ်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပါကြောင်း ပြောကြားသည်။

     ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာ Video Clip ၊ ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်မှတ်တမ်းနှင့် မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်ချက် Video Clip တို့ကို ပြသပြီး   ဒုတိယဝန်ကြီးက (၅၃) ကြိမ်မြောက် အသက် ၁၅ နှစ်နှင့် အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

    အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို  ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

Posted by ptd

Posted on October 10, 2024


Weather
NAYPYITAW WEATHER