အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund, USF) ကို အသုံးပြု၍ ဆောင်ရွက်မည့် ကချင်ပြည်နယ်၊နောင်မွန်ဒေသ GSM 4G စနစ်သို့ အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူထားမှုအား ဖျက်သိမ်းကြောင်း အသိပေးကြေညာခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၅၄ နှင့်အညီ အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိပြီး အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေး အစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ နောင်မွန်ဒေသ GSM 4G စနစ်သို့အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့ပြီး (၁၈-၁၀-၂၀၂၃) ရက်နေ့ တွင် တင်ဒါဖွင့်ဖောက်စစ်ဆေးခဲ့ရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းကသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် တင်ဒါအောင်မြင်သူအဖြစ် ၂-၅-၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် လက်တလောအခြေအနေများကြောင့် စက်ပစ္စည်းဝယ်ယူရန်ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ စက်သုံးဆီရရှိနိုင်မှုခက်ခဲခြင်းတို့ကြောင့် တင်ဒါဖျက်သိမ်းခွင့်ပြုပါရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တင်ပြလာခဲ့ခြင်းအား (၇-၁၁-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ စီမံကိန်းတင်ဒါအား ဖျက်သိမ်းရန် အတည်ပြုချက်ရရှိခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊နောင်မွန်ဒေသ GSM 4G စနစ်သို့ အဆင့်မြှင့်တင်ရေး စီမံ ကိန်းတင်ဒါအား ဖျက်သိမ်းလိုက်ပြီဖြစ်ပါကြောင်းနှင့် နယ်မြေဒေသအဆင်ပြေသည့်အခါမှ တင်ဒါပြန်လည်ခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တင်ဒါကော်မတီ
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
January 7, 2025