တရားမဝင်ခွင့်ပြုချက်မရှိဘဲ အင်တာနက်ဝန်ဆောင်မှုအပါအဝင် တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းများ လက်ဝယ်ထားရှိခြင်း၊ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုများပေးခြင်း မပြုလုပ်ရေး အသိပေးကြေညာချက်
ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများအရ မြန်မာနိုင်ငံအလံလွှင့်ထူထားသော ယာဉ်တစ်မျိုးမျိုးပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံပိုင်နက်အတွင်းရှိ မည်သည့်နေရာဒေသတွင်မဆိုလည်းကောင်း ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးမည်ဆိုပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၅ နှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာနည်း ဥပဒေ ၅၂ (ဂ) တို့အရ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လုပ်ငန်းလိုင်စင်ရယူရန် လိုအပ်မည်ဖြစ်ပါသည်။
လတ်တလောတွင် အမေရိကန်နိုင်ငံအခြေစိုက် Space Exploration Technologies Corporation (Space X) က Starlink Satellite စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှုပေးလျက်ရှိသော Starlink Satellite ဆက်သွယ်ရေးပစ္စည်းများအား နယ်စပ်ဝင်ထွက်ပေါက်များမှ တရားမဝင်တင်သွင်း၍ Starlink အင်တာနက်ဝန်ဆောင်မှုအား လုပ်ငန်းလိုင်စင်မရှိဘဲ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တရားမဝင်ဝန်ဆောင်မှုပေးနေကြောင်း တွေ့ရှိနေရသဖြင့် ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများ၌ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများနှင့် တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းများကို လိုင်စင်ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်းများ တားမြစ်ထားပါသည်။ အဆိုပါတားမြစ်ချက်အား ဖောက်ဖျက်ကြောင်းစစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ Starlink Satellite ဆက်သွယ်ရေးပစ္စည်းများအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၃ နှင့် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၃၃ (က) တို့ အရ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရယူပြီးမှသာ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းများဖြစ်သည့်အတွက် စက်ပစ္စည်းဆိုင်ရာလိုင်စင်မရှိဘဲ တရားမဝင် လက်ဝယ်ထားရှိလျှင်ဖြစ်စေ၊ အသုံးပြုလျှင်ဖြစ်စေ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အရ တရားစွဲဆို အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည့်အပြင် လုပ်ငန်းလိုင်စင်မရှိဘဲ၊ ထုတ်ပေးထားသည့်လုပ်ငန်းလိုင်စင်တွင် ခွင့်ပြုချက်မပါရှိဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည်ကို တွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၅ အရလည်း အရေးယူခံရမည်ဖြစ်ပါသည်။
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားသော ကုမ္ပဏီများအနေဖြင့်လည်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ Starlink Satellite ပစ္စည်းများအပါအဝင် တရားမဝင်ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ ဝန်ဆောင်မှုပေးခြင်း များကို လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးကြေညာအပ်ပါသည်။
ဤတားမြစ်ချက်ကိုဖောက်ဖျက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများအပါအဝင် ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းများကို လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ ဝန်ဆောင်မှုပေးခြင်းများကို စုံစမ်းစစ်ဆေးတွေ့ရှိရပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ဖတ်ရန်
သိမ်းဆည်းရန်
Posted by
ptd
Posted on
February 14, 2025